Sunday, June 15, 2014

ကချင်သောင်းကျန်းသူသမိုင်း (တတိယပိုင်း-အဆုံး)

Myen ni masu magaw ai hku ka da ai rai tim ndai yawng hti dat yu yang KIO/KIA gaw ram ram baw nu sam ai hku lu galaw ai lam mu mada wa ai.

၅၃။ ကေအိုင်အေနှင့် ရှမ်းသောင်းကျန်းသူ။ ဇော်ဆိုင်းဦးစီးသော ကေအိုင်အေစစ်ဌာနချုပ်မှာ ထိုင်းနိုင်ငံ ထန်ဝိုးတွင်တည်ရှိနေသည်။ ထို့ကြောင့် ကေအိုင်အေများသည်ထိုင်းနိုင်ငံသို့ ဆက်သွယ်သွားရောက်ရာတွင် ရှမ်းပြည်နယ်ကို မလွဲမသွေဖြတ်သန်းသွားရမြဲဖြစ်သည်။ ကချင်ပြည်နယ် နှင့်ရှမ်းပြည်နယ်မှာ ဆက်စပ် နေသည့် အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လူမျိုးများနေထိုင်လျက်ရှိရာ ကေအိုင်အေ (ခေါ်) ကချင်သောင်းကျန်းသူများသည် ဗကပနှင့်ပတ်သက်နေရသကဲ့သို့ ရှမ်းသောင်းကျန်းသူ အဖွဲ့အစည်း များ နှင့်လည်း ပတ်သက်လာရလေသည်။


၅၄။ ရှမ်းပြည်နယ်တွင် ပလောင်နှင့် ပအို့ဝ်အပါအဝင် ရှမ်းလူမျိုးစုသောင်းကျန်းသူအဖွဲ့အစည်းများမှာ အမျိုးမျိုးကွဲပြားလျက်ရှိခဲ့သည်။ အက်စ်ယူအာရ်အေ(ခေါ်) မိုးဟိန်းအဖွဲ့သည် ပြည်ပနိုင်ငံပိန်းလုံတွင် ဌာနချုပ် ဖွင့်လှစ်၍ အခြေစိုက်လျက်ရှိသည်။ မိုးဟိန်းအဖွဲ့သည် မိုင်းကိုင်နှင့်မိုင်းနောင်ဒေသတွင် အခြားရှမ်း သောင်း ကျန်းသူအဖွဲ့တစ်ဖွဲ့ဖြစ်သော အက်စ်အက်စ်အေများနှင့်နယ်မြေလုရာမှ မကြာခဏ တိုက်ခိုက်ကြရ လေ့ရှိသည်။ ထို့ကြောင့်မိုးဟိန်းသည် အက်စ်အက်စ်အေအားတိုက်ခိုက်ရန် တရုတ်ဖြူတပ်မ (၃)နှင့်(၅) အပြင်ကေအိုင်အေများ၏ ရည်ရွယ်ချက်မှာ အက်စ်ယူအာရ်အေနယ်မြေအတွင်းတွင် အက်စ်ယူအာရ်အေ အဖွဲ့နှင့် ပူးပေါင်းထားခြင်းဖြင့် ပြည်ပနိုင်ငံသို့ အသွားအပြန်ခရီးလုံခြုံမှုရှိသည့်အပြင် တပ်မတော်ကိုလည်း စစ်ရေးအရ ပူးပေါင်း၍၊ သို့မဟုတ် ညှိနှိုင်း၍တိုက်ခိုက်နိုင်ရန်ဖြစ်လေသည်။


၅၅။ ပီအင်န်အက်ဖ်(ခေါ်) ပလောင်အမျိုးသား တပ်ဦးအဖွဲ့သည် ခမ်းတောင်ခေါင်းဆောင်၍ အင်အား ၂ဝဝ ခန့်ဖြင့် မုံးဝီးနယ်မြေ၊ နမ့်စန်နယ်မြေနှင့်မိုင်းငေါ့ နယ်မြေတို့တွင် ရွှေပလောင်၊ ငွေပလောင် တိုင်းရင်းသားများ အားစည်းရုံး သိမ်းသွင်းခဲ့ရာ ပလောင်သောင်းကျန်းသူများသည် ၁၉၇၂ ခုနှစ် နှစ်ဦးတွင် ဇော်ဒန်၏ တပ်မဟာ (၃)လက်အောက်သို့ကျရောက်ခဲ့သည်။ ကေအိုင်အေသည် ဗကပ၊ အက်စ်အက်စ်အေ တို့နှင့်ရင်ဆိုင်ရေးတွင် အသုံးချနိုင်ရန်အတွက် ပလောင်သောင်းကျန်းသူများအား လက်သပ်၍ မွေးမြူခဲ့ခြင်းပင်ဖြစ်သည်။


၅၆။ အက်စ်အက်စ်အေ(ခေါ်)ရှမ်းပြည်တပ်မတော်သည်လည်း ထိုင်းနိုင်ငံတွင်အခြေစိုက်ပြီး ရှမ်းပြည် နယ် မြောက်ပိုင်း လွယ်ခေးဒေသတွင် ဝင်ရောက်လှုပ်ရှားနေသော အဖွဲ့အစည်းဖြစ်သည်။ အက်စ်အက်စ်အေ ဌာနချုပ်တွင် ဥက္ကဋ္ဌခွန်ကြာနုနှင့် အတွင်းရေးမှူးစဝ်ဆေးဝိုင်မှခေါင်းဆောင်ပြီး လွယ်ခေးဒေသတွင် ဒုတိယ ဥက္ကဋ္ဌ အုံးပေါင်ပွန်တိုင်းနှင့် စစ်ဦးစီးချုပ်စိုင်းလှအောင်တို့က ခေါင်းဆောင်ခဲ့ကြသည်။ ၁၉၇၃ ခုနှစ် မတ်လ၌ ကော်မတီ အစည်းအဝေးကျင်းပကာ မဟာဒေဝီနန်းဟိန်ခမ်းကို နာယကအဖြစ်မှဖြုတ်ချခဲ့ကြသည်။ ၁၉၇၃ခုနှစ် မေလ ၂၄ ရက်နေ့တွင် အက်စ်အက်စ်အေတို့သည် တောခိုကာကွယ်ရေးအဖွဲ့ များဖြစ်သော ကိုးကန့်ကာကွယ်ရေး အဖွဲ့မှ လော်စစ်ဟန်၊ ဗိန်းငင်းအဖွဲ့မှ မဟာစန်း၊ မန်မန်ဆိုင်အဖွဲ့မှ လိုင်းအူတို့နှင့် ပူးပေါင်းကြောင်း မန်ပလောင်လွယ်ခေး ဒေသတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။


၅၇။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လတွင် အက်စ်အက်စ်အေ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော အက်စ်အက်စ်ပီပီ (ခေါ်) ရှမ်းပြည်တိုးတက်ရေးပါတီဗဟိုဌာနချုပ်တည်ရှိရာ မန်ရှီး၊ မန်နောင်ဒေသသို့ ကေအင်(န်)ယူပါတီမှ စကော လယ်တောခေါင်းဆောင်သော သုံးဦးကိုယ်စားလှယ်အဖွဲ့ရောက်ရှိလာပြီး ဗကပအရှေ့မြောက်စစ် ဒေသ ဌာနချုပ်တည်ရှိရာ ပန်ဆန်း (လယ်လ်ကေ-၁၇ဝ၅) သို့ သွားရောက်နိုင်ရေးအတွက် အကူအညီ တောင်းခံ ခဲ့သည်။ ထိုစဉ်က အက်စ်အက်စ်ပီပီကလည်း ဗကပနှင့်ပူးပေါင်းရန်အစီအစဉ်ရှိသဖြင့် စကော လယ်တောသို့ သုံးဦးကိုယ်စားလှယ်အဖွဲ့နှင့်အတူ စေလွှတ်မည့်ကိုယ်စားလှယ်ကို ရွေးချယ်ခဲ့သည်။ ထို့နောက် တွဲဖက် အတွင်းရေးမှူးဆေးထင်ခေါင်းဆောင်သော အင်အား ၂ဝဝ ခန့်သည် ကေအင်(န်)ယူပါတီ ကိုယ်စားလှယ် သုံးဦးနှင့်အတူ လွယ်ခေးဒေသမှထွက်ခွာသွားရာ ပန်ဆန်းသို့ ၁၉၇၃ ခုနှစ် အောက်တိုဘာလ တွင် ရောက်ရှိ သွားသည်။ ၁၉၇၃ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗကပခေါင်းဆောင်များနှင့်ဆွေးနွေး၍ ဗကပနှင့် အက်စ်အက်စ်အေတို့ စစ်ရေးအရပူးပေါင်းရန် သဘောတူညီခဲ့ကြသည်။ နိုင်ဝင်ဘာလ ၂၇ ရက်နေ့တွင် ဆေးထင်တို့လူစုသည် ဗကပများပေးလိုက်သည့် လက်နက်များကိုယူဆောင်၍ ပန်ဆန်းမှ ပြန် ထွက်လာကြရာ ၁၉၇၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် မိုင်းဘုံနယ်မြေသို့ရောက်ရှိလာကြသည်။


၅၈။ ဗကပနှင့်အက်စ်အက်စ်အေပူးပေါင်းသွားခြင်းမှာ ဗကပနှင့်တိုက်ခိုက်နေသော ကေအိုင်အေများအဖို့ အက်စ်အက်စ်အေနှင့်ပါ ဆက်လက်တိုက်ခိုက်စရာဖြစ်လာရသည်။ ကေအိုင်အေနှင့် အက်စ်အက်စ်အေ တို့သည်နယ်မြေလုရင်းမှ ၁၉၇၄ ခုနှစ် နှစ်ဦးပိုင်းတွင်ကျောက်မဲ၊ နမ္မတူဒေသများတွင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြသည်။ သို့သော် ၁၉၇၄ ခုနှစ် ဧပြီလနောက်ပိုင်းတွင်တွေ့ဆုံစေ့စပ်၍ နယ်မြေကန့်သတ်ရန် သဘောတူညီခဲ့ကြလေသည်။


၅၉။ ထိုင်းအစိုးရ ကဖမ်းဆီးမိပြီးနောက် ကိုးကန့်ကာကွယ်ရေးအဖွဲ့မှာ ပြိုကွဲ၍ ကစဉ့်ကလျားဖြစ်သွားရာ လက်ကျန်အဖွဲ့အနက်မှ အင်အား ၂ဝ ခန့်သည်ထိုင်းနယ်စပ်တွင် ခိုအောင်း၍ကျန်ရစ်ခဲ့သည်။ ကေအိုင်အေ တို့သည် လက်ကျန်ကိုးကန့်ကာကွယ်ရေးများအား ထိုင်းနိုင်ငံအဝင်အထွက်လုံခြုံရေးအတွက် စည်းရုံး သိမ်းသွင်း ခဲ့သည်။


၆ဝ။ တောခိုလွယ်မော်အဖွဲ့(ခွန်ဆာအဖွဲ့)မှကျန်ဆူးရှင် ခေါင်းဆောင်သောအင်အား ၃ဝဝ ခန့်သည် လည်းနောင်လိုင်၊ လွယ်ချိုဒေသတို့တွင် ကေအိုင်အေတပ်ရင်း (၈)နှင့်ဆက်စပ်၍ လှုပ်ရှားခဲ့သည်။ ကေ အိုင်အေနှင့် လွယ်မော်အဖွဲ့သည်စစ်ရေးအရ နားလည်မှုရယူထားပြီး လိုအပ်ပါကတစ်ဦးနှင့် တစ်ဦး အကူအညီပေးရေးကိုလည်း သဘောတူထားကြသည်။


၆၁။ ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အခြေပြုထားသော တရုတ်ဖြူတပ်မ(၃)နှင့် တပ်မ(၅)မှ အင်အားစုအချို့ သည်လည်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လှုပ်ရှားလေ့ရှိရာ ရံဖန်ရံခါစုစုပေါင်းအင်အား ၅ဝဝ ခန့်အထိ လှုပ်ရှားလေ့ရှိသည်။ တရုတ်ဖြူတို့သည် တပ်မတော်၏တိုက်ခိုက်မှုနှင့် ဗကပတို့၏တိုက်ခိုက်မှု တို့ကြောင့် လွယ်ဆေး၊ မန်ပလောင်၊ မန်ကျောင်း၊ ဆွတ်ရပ်၊ ဝမ်ဆင်း စသောနယ်မြေများတွင်သာ ခိုအောင်းလှုပ် ရှား နိုင်လေရာ ကေအိုင်အေများသည် ယင်းနယ်မြေများကိုဖြတ်သန်း၍ ထိုင်းနိုင်ငံနှင့်ဆက်သွယ်နိုင်ရေးအတွက် တရုတ်ဖြူများနှင့် နားလည်မှုရယူထားရလေသည်။


၆၂။ ကေအိုင်အေတို့သည် နော်ဆိုင်းအား ဗကပတို့က ''ဖြုတ်၊ ထုတ်၊ သတ်''လမ်းစဉ်အရ သတ်ဖြတ်ပြီး သည့်နောက် ဗကပတို့နှင့်တိုက်ခိုက်လျက်ရှိရာ ထိုင်းနိုင်ငံဆက်သွယ်ရေး လမ်းကြောင်းအတွက် လက်ယာ အင်အားစု သောင်းကျန်းသူများဖြစ်သော အက်စ်ယူအာရ်အေ(မိုးဟိန်း)၊ ကိုးကန့်ကာကွယ်ရေး (လော်စစ်ဟန်) ၊ တောခိုလွယ်မော်(ခွန်ဆာ)၊ ပလောင်အမျိုးသားတပ်ဦး တရုတ်ဖြူတို့နှင့် ပူးပေါင်း ဆက်သွယ်ခဲ့ပြီး ဗကပ ဘက်တော်သား ဖြစ်သွားသည့် အက်စ်အက်စ်အေနှင့်မူ ဆက်ဆံရေးမပြေပြစ်ဘဲ တိုက်ခိုက်မှုများပင်ဖြစ်ပွားခဲ့သည်။အနောက်ဘက်မျက်နှာစာတွင်ကား ကေအိုင်အေတို့သည်ပြည်တွင်း
ပြည်ပနာဂ သောင်းကျန်းသူများ၊ ရခိုင်သောင်းကျန်းသူ များအားထောက်ပံ့ကူညီ၍ လက်သပ်မွေးထား ခဲ့လေသည်။


၆၃။ ကေအိုင်အေနှင့်ဖီဇိုနာဂသောင်းကျန်းသူများ။ ဖီဇိုနာဂတို့သည် ၁၉၄၇ ခုနှစ်အထိ အိန္ဒိယနိုင်ငံ တွင် လွတ်လပ်ရေးရရှိရန် ဆွေးနွေးပွဲများပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲများပျက်ပြားသွားသောအခါ ဆန္ဒပြပွဲများ၊ အဓိကရုဏ်းများပေါ်ပေါက်ခဲ့သည်။ ၁၉၅၆ ခုနှစ်မှစ၍ကျောင်းဆရာ(ဒေါက်တာ ဖီဇို)ခေါင်းဆောင်သော နာဂ ၁၅ဝ ခန့်သည် လက်နက်ကိုင်ပုန်ကန်မှုကို စတင်ခဲ့ကြသည်။ အိန္ဒိယတပ်မတော်က လိုက်လံတိုက်ခိုက်သော အခါ ဖီဇိုနာဂသည် ၁၉၆၃ ခုနှစ်မှစ၍ ခန္တီးခရိုင်နာဂ တောင်တန်းဒေသနှင့် ဖလမ်းခရိုင်တွင်ဝင်ရောက် ခိုအောင်း ခဲ့ကြသည်။ အိန္ဒိယနိုင်ငံနှင့် ပြည်ပနိုင်ငံတို့ဆက်ဆံရေးမပြေပြစ်ဖြစ်သည်ကိုအကြောင်းပြု၍ ပြည်ပနိုင်ငံသည် အိန္ဒိယနိုင်ငံမှ ဖီဇိုသောင်းကျန်းသူများကို စစ်ရေးအကူအညီများ ထောက်ပံ့ ပေးကမ်းခဲ့သည်။ ကေအိုင်အေ များသည် ဖီဇိုနာဂများ ပြည်ပနိုင်ငံသို့ သင်တန်းသွားရောက်တက်နိုင်ရေးနှင့် အသွားအပြန်ခရီးအတွက် လမ်းပြ အဖြစ် တာဝန်ယူ၍မြန်မာနိုင်ငံအတွင်းတွင် ဖီဇိုများကို ဖြတ်သန်း သွားလာစေခဲ့လေသည်။


ကေအိုင်အေခေါင်းဆောင်များလုပ်ကြံခံရခြင်း


၆၄။ ကေအိုင်အေတို့သည်အရှေ့မြောက်ဒေသ ဗကပတို့က နော်ဆိုင်အား ဖြုတ်ထုတ်သတ်လမ်းစဉ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်း။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဗကပတို့ကနယ်မြေတိုးချဲ့လာခြင်းတို့ကြောင့် ဗကပများနှင့် တိုက်ခိုက်ခဲ့ကြရသည်။ ဗကပကိုနံပါတ်(၁)ဦးတည် ရန်သူအဖြစ်တိုက်ခိုက်နေရသဖြင့် တပ်မတော်နှင့်တွေ့ ဆုံဆွေးနွေးရေးကိုကြိုးပမ်းခဲ့ကြရာ ကေအိုင်အေတို့၏ မရိုးသားမှုကြောင့်ပင် ၁၉၇၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဆွေးနွေးပွဲပျက်ပြားခဲ့ရသည်။ ထို့နောက် ကေအိုင်အေတို့သည် ၁၉၇၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကြာမြင့်သော ဗဟို ကော်မတီ အစည်းအဝေးတစ်ရပ်ကိုကျင်းပ၍ ကချင်လွတ်မြောက်ရေးကောင်စီ(ကေအိုင်စီ)နှင့် လက်အောက်ခံ အဖွဲ့အစည်းသုံးရပ်ဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့နှင့် ကချင်လွတ်မြောက်ရေးစည်းရုံးရေးအဖွဲ့ (ကေအိုင်အို)တို့ကို စနစ်တကျပြန်လည် ဖွဲ့စည်း ခဲ့ကြသည်။


၆၅။ ကေအိုင်အေတွင် တပ်မဟာလေးခုဖွဲ့စည်းထားပြီး တပ်ရင်း(၁၁)ရင်းပါဝင်သည်။ အုပ်ချုပ်ရေး အဖွဲ့နှင့် ကေအိုင်အိုကိုမူ တိုင်း၊ ခရိုင်၊ မြို့နယ် တိုက်နယ်နှင့် ကျေးရွာများအထိ ဖွဲ့စည်းထား သည်။ ကေအိုင်အေစစ်ဦးစီးချုပ်မှာ ထိုင်းနိုင်ငံထန်ပိုးစခန်းတွင်ပင်ရှိပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဒုစစ်ဦးစီးချုပ် ဇော်တူးက ပြည်တွင်းတွင်တာဝန်ယူရသည်။ ဇော်တူးသည် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ခရီးထွက်ခွာသွားလေရာ ဇော်တူးနေရာတွင် လမုန်ဟူးဂျိုင်က တာဝန်ယူအုပ်ချုပ်ရသည်။ ၁၉၇၃ ခုနှစ်နှင့် ၁၉၇၄ ခုနှစ်အတွင်း ကေအိုင်အေများသည် ဗကပတု့ိ၏ထိုးနှက်မှုနှင့် တပ်မတော်၏ချေမှုန်းရေး များကြားတွင် ညှပ်မိနေခဲ့သည်။ ထိုအချိန်တွင် ခေါင်းဆောင်ဖြစ်သူ
ဇော်ဆိုင်းနှင့်ဇော်တူး မှာထိုင်းနိုင်ငံတွင်သာရှိနေကြပြီး ပြည်တွင်းသို့ပြန်လည် ဝင်ရောက်၍ ခေါင်းဆောင်မှုပေးခြင်းမရှိခဲ့ပေ။ ဗကပများကလည်း ကေအိုင်အေ နယ်မြေများကို တစ်စတစ်စဝါးမျိုလာရာ ကေအိုင်အေတို့အနေနှင့် အကျပ်အတည်းဖြင့်ရင်ဆိုင် လာကြရသည်။


၆၆။ ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံတွင်ရောက်ရှိနေခြင်းဖြစ်ပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလတွင် ဇော်တူးသည် ထိုင်းနိုင်ငံသို့စတင်ထွက်ခွာသွားခဲ့ရာ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရောက်ရှိ သွားခဲ့သည်။ ထိုအချိန်တွင် ရှမ်းပြည်မြောက်ပိုင်းရှိ ကေအိုင်အေ အခြေခံနယ်မြေများမှာတစ်စတစ်စလက်လွှတ်ဆုံးရှုံးနေရပြီးဖြစ်သည့်အပြင် မေခအရှေ့ခြမ်းဒေသတွင်လည်း ဗကပတပ်ရင်း(၁ဝ၁) က ဆဒုံးနယ်မြေအထိ ထိုးဖောက်ဝင်ရောက်လာပြီးဖြစ်သည်။ ၁၉၇၅ခုနှစ် မတ်လ ၁ ရက်နေ့တွင် ကေအိုင်အေ တပ်မဟာ(၄) နယ်မြေ ကွတ်ခိုင်အနောက်ခြမ်း၊ နမ့်ဟိုင်းဒေသတွင် ကေအိုင်အေနှင့် ဗကပတို့ တိုက်ပွဲဖြစ်ပွားကြရာ ကေအိုင်အေ တပ်မဟာ(၄)မှူးနှင့် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သော ဇော်ဒန် ကျဆုံးခဲ့ရသည်။ ဗကပတပ်ရင်း(၂ဝ၂) သည်အင်အားဖြည့်တင်းပြီး ကေအိုင်အေ တပ်မဟာ(၄) နယ်မြေကို တစ်စတစ်စထိုးဖောက်လျက်ရှိသည်။ကွတ်ခိုင်အရှေ့ခြမ်းရှိ ကေအိုင်အေ တပ်ရင်း(၂) နယ်မြေကို လည်း ဗကပတပ်မဟာ(၂)အင်အားစုများက မန်ယုံ မော်ဒေသမှတစ်ဆင့် တိုးချဲ့ထိုးဖောက်လျက်ရှိသည်။ ဇော်ဒန် ကျဆုံးပြီးနောက်တွင် ဇော်ဒန်နေရာအား ဇော်မိုင်က ဆက်ခံပြီး တပ်မဟာ(၄)မှူးအဖြစ်ကွပ်ကဲကာ ဗကပများကို နမ့်ဟိုင်း၊ နမ့်ဆောင်ကြဲဒေသများမှာ ရင်ဆိုင်ဟန့်တား ထားခဲ့ရသည်။ ဇော်ဒန်ကျဆုံးချိန် တွင် ဇော်ဆိုင်းရော၊ ဇော်တူးပါ ထိုင်းနိုင်ငံတွင်ရောက်ရှိနေခဲ့ကြသည်။ ၁၉၇၅ ခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကေအိုင်အေခေါင်းဆောင် ပုံရွှေဇော်ဆိုင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံသို့ထွက်ခွာသွား ကြပြန်သည်။ ထိုကဲ့သို့ ကေအိုင်အေခေါင်းဆောင်များ ထိုင်းနိုင်ငံသို့ရောက်ရှိနေခြင်းကို အောက်ခြေထု က ကျေနပ်ခြင်းမရှိ ကြပေ။ ထိုးစစ်များကိုပါခုခံဆင်နွှဲနေကြချိန်တွင် ခေါင်းဆောင်ပိုင်းက ထိုင်းနိုင်ငံသို့သွားရောက် ရှောင် တိမ်းနေခြင်း၊ ဦးဆောင်မှုမပေးခြင်းတို့ကြောင့် ကေအိုင်အေခေါင်းဆောင်ပိုင်းတွင်လည်း သဘောထား ကွဲလွဲလာကြသည်။ ထိုအချိန်တွင် ဇော်ဆိုင်း၊ ဇော်တူးနှင့်ပုံရွှေဇော်ဆိုင်းတို့လူစုသည် ကေအိုင်အေလှုပ်ရှားမှုကို မျက်ကွယ်ပြုကာ ဘိန်းနှင့်ကျောက်စိမ်းရောင်းချရငွေများအား အလွဲသုံးစားပြုလုပ်ကာ စည်းစိမ် ယစ်မူး နေကြသည်။


၆၇။ ဇော်ဆိုင်းသည် ကေအိုင်အေတို့၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်သော်လည်း ပြည်တွင်းသို့ပြန်လည်ပြီး ဦးဆောင်မှုမပေးနိုင်သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကေအိုင်အေ အဓိကအင်အားစုများနှင့် ၁ဝ နှစ်ခန့် အဆက်အသွယ်ပြတ်နေသောကြောင့်လည်း ဇော်ဆိုင်း၏ခေါင်းဆောင်မှုမှာ မှေးမှိန်နေပြီဖြစ်သည်။ ပြည်တွင်းတွင် အချိန်အတန်ကြာ လက်တွေ့ခေါင်းဆောင်ခဲ့ပြီး သြဇာအာဏာစိုက်ထူခဲ့သော ဇော်တူးမှာ လည်းအောက်ခြေ၏ မကျေနပ်မှုနှင့်ကြုံတွေ့ခဲ့ရသည်။ ဇော်တူးသည် မိန်းမမယူရဟူ သော အမိန့်ကို ထုတ်ပြန်ခဲ့ပြီးနောက် ၁၉၆၆ ခုနှစ်တွင် ရဲမေလောခိုင်လုအွန်ကိုယူခဲ့သူဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင်လည်း ရဲမေလုဆိုင်းအား မယားငယ်အဖြစ်သိမ်းပိုက် ခဲ့သည်။ ခေါင်းဆောင်များ၏ လူမှုရေး ကိစ္စများသည် ငယ်သားများ၏ အကြည်အညိုပျက်စရာဖြစ်၍လာသည်။ ဘိန်းနှင့် ကျောက်စိမ်းရောင်းရငွေ သိန်း ၁ဝဝ ကျော်ကိုလည်း စာရင်းဖျောက်ခဲ့ကြသည်။


၆၈။ ထိုသို့ ကေအိုင်အေများ နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေ့နေချိန် ခေါင်းဆောင်များ ၏ ခေါင်းဆောင်မှုကျဆင်းနေချိန်တွင် ၁၉၇၅ခုနှစ်၊သြဂုတ် လ ၁ဝ ရက်နေ့၌ ယခင်ကေအိုင်အေတပ်ရင်း(၁၁) တပ်ရင်းမှူး ဆိုင်းတူက ဇော်ဆိုင်း၊ ဇော်တူးနှင့် ပုံရွှေဇော်ဆိုင်းတို့အား ထိုင်းနယ်စပ် ဆက်သွယ်ရေး စခန်းဖြစ်သည့် ထန်ပိုးတွင် လုပ်ကြံသတ်ဖြတ်ပစ်လိုက်လေသည်။ ကေအိုင်အေ ဗဟိုဌာနချုပ် က ခေါင်းဆောင်များသည် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုလုပ်နေသောကြောင့် ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း၊ တိုင်းကော်မတီ၊ ခရိုင် ကော်မတီများသို့ ရှင်းလင်းခဲ့ကြသည်။ ထိုအချိန်မှာပင် ထန်ပိုးတွင်ရှိနေကြသော ဂေါ်လူ လဒွဲနှင့် ကျန်ခေါင်းဆောင် များက ဆိုင်းတူးသည်အစိုးရသူလျှိုဖြစ်ပြီး ခေါင်းဆောင်များအား တမင်လုပ် ကြံခြင်းဖြစ်သည်ဟု ပြည်တွင်းရှိ ဇော်မိုင်ထံသို့ သတင်းပို့ကြပြန်သည်။ ဆိုင်းတူးကိုလည်း ၁၉၇၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထိုင်းပုလိပ်များက လာရောက်ဖမ်းဆီးသွားခဲ့ကြသည်။ ဇော်မိုင်က တပ်ရင်း(၈)တပ်ရင်းမှူး ဗိုလ်မှူးခွန်ချိုအား ထိုင်းနိုင်ငံသို့စေလွှတ်၍ စစ်ဆေးစေခဲ့သည်။ စုံစမ်းရေးအဖွဲ့ ၏ တွေ့ရှိချက်တွင် ခေါင်းဆောင်များအား ဆိုင်းတူးက တမင်လုပ်ကြံခြင်းဖြစ်ကြောင်း ပေါ်လွင်သော်လည်း မည်သည့်အကြောင်းကြောင့် လုပ်ကြံခြင်းဖြစ်သည်ကိုမူ တင်ပြ နိုင်ခြင်းမရှိခဲ့ပေ။


၆၉။ ဇော်ဒန်ကျဆုံးပြီးနောက်ပိုင်းတွင် ဇော်မိုင်သည် တပ်မဟာ(၄)ကို ခေါင်းဆောင်၍ ဗကပများကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရာ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစ၍ တိုက်ပွဲပေါင်း (၁၆)ကြိမ်ဖြစ်ပွားပြီး နှစ်ဖက်စလုံး အထိ နာခဲ့ကြသည်။ ဇော်မိုင်သည် ဗကပ(၂ဝ၂)ကို ဦးတည်၍ ၁၉၇၅ ခုနှစ် မတ်လ ၂၆ ရက်နေ့အထိ ကြောင်နက်စစ်ဆင်ရေးကိုဆင်နွှဲခဲ့သည်။ ထိုင်းနိုင်ငံတွင် ခေါင်းဆောင် များ သေဆုံး ကုန်ကြသော အခါ တပ်မဟာ(၁)မှူး လမုံတူးဂျိုင်က ကေအိုင်အေစစ်ဦးစီးချုပ်ဖြစ်လာပြီး တပ်မဟာ(၄)မှူး ဇော်မိုင်က ဒုစစ်ဦးစီးချုပ်ဖြစ်လာသည်။ကေအိုင်အေတို့သည် နိုင်ငံရေးဦးဆောင် အဖွဲ့အစည်းအဖြစ် ကချင်ဆိုရှယ်လစ် ပါတီ (Kachin Socialist Party, KSP)ကို ၁၉၇၄ ခုနှစ် သြဂုတ်လမှစ၍ ထူထောင်ခဲ့သော်လည်း ကေအက်စ်ပီပီ လှုပ်ရှားမှုများကို ကျယ်ကျယ် ပြန့်ပြန့်ပြုလုပ်ခဲ့ခြင်းမရှိပေ။


၇ဝ။ ကချင်သောင်းကျန်းသူများအတွင်းတွင် ဗကပအားလိုလားသောလက်ဝဲဝါဒီများ၊ ထိုင်းနိုင်ငံမှ တစ်ဆင့် အနောက်အုပ်စုကိုမျှော်ကိုးသူ လက်ယာဝါဒီများကွဲပြားလျက်ရှိရာ ထိုင်းနိုင်ငံတွင် ထိပ်သီး ခေါင်းဆောင်များ ကျဆုံးသွားခဲ့သောအခါ မရန်ဘရန်ဆိုင်း၏လက်ဝဲအင်အားစုသည်ပိုမို၍ အားကောင်း လာသည်။ ထု့ိကြောင့် ဗကပနှင့်ပူးပေါင်းရေးလမ်းစသည် ပြန်လည်၍ပွင့်လာရပြန်သည်။ ကေအိုင်အေ၏ အခက်အခဲအကျပ်အတည်း များမှာလည်း ဗကပနှင့်ပူးပေါင်းရေးအတွက် အကြောင်းပြစရာဖြစ်လာရသည်။ တစ်ဖက်နိုင်ငံက လည်း ကေအိုင်အေများအား တိုက်ရိုက်အကူအညီပေးရေးထက် ဗကပမှတစ်ဆင့် အကူအညီပေးရေးကိုသာ တိုက်တွန်းလျက်ရှိသည်။ ထိုင်းနိုင်ငံသည် စီးပွားရေး စားကျက် အလွန်ကောင်း သောနေရာဖြစ်သော်လည်း လက်နက်ခဲယမ်းများ ဝယ်ယူပြီး ကချင်ပြည်နယ်သို့သယ်ယူရေးမှာမူ ခရီးအလွန်ဝေးကွာသည့်အပြင် ဗကပတို့၏ နယ်မြေများကို ဖြတ်သန်းရမည်ဖြစ်သည်။ ကေအိုင်အေတို့သည် ကချင်ပြည်နယ်အတွင်းမှ ဘိန်းနှင့်ကျောက် စိမ်းများကို ထိုင်းနိုင်ငံသို့ပို့ရန်နှင့် ထိုင်းနိုင်ငံမှ လက်နက်များ သယ်ယူရန်မှာ အခြားသောင်းကျန်းသူများကို သာမကဘဲ ဗကပနှင့် ဆက်သွယ်သည်က ပိုမိုလျင်မြန် လွယ်ကူသည်မှာ သေချာ၍ရှိနေသည်။ ၁၉၇၆ ခုနှစ်တွင်ကား မရန်ဘရန်ဆိုင်း ခေါင်းဆောင်ဖြစ်လာပြီး ဗကပနှင့်အနိမ့်ဆုံး စစ်ရေးမဟာမိတ်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်မှစ၍ ဗကပနှင့် ကေအိုင်အေတို့သည် ပြန်လည်၍ပြန်ပေါင်းထုပ်ကြသည် ကို တွေ့ကြရ မည်ဖြစ်လေသည်။


ရည်ညွှန်းကိုးကားစာအုပ်စာစောင်များ
၁။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၁)၊ (လွတ်လပ်ရေးမရမီကာလများ)။
၂။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၂)၊ (၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်မတိုင်မီကာလများ)။
၃။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၃)၊ (၁၉၄၈ ခုနှစ်မှ ၁၉၆၈ ခုနှစ်မတိုင်မီကာလများ)။
၄။ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၄)၊ (၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိကာလများ)။
၅။ ပြည်တွင်းသောင်းကျန်းသူသမိုင်း၊ အပိုင်း(၅)၊ (၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိကာလများ)။

စာရေးသူ Oppositeye myanmar at 4:30 AM
စာပေအမျိုးအစား ကချင်သောင်းကျန်းသူသမိုင်းhttp://www.oppositeyes.info/2013/11/blog-post_27.html

No comments:

Post a Comment