Sunday, June 15, 2014

ကချင်သောင်းကျန်းသူသမိုင်း (၁၉၄၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ကာလများ) (ပထမပိုင်း)

Oppositeye myanmar ndai myen laika ka ai wa gaw an hte jinghpaw wunpawng ni a lam ram ram jahpoi mayu ai hku rai lu ai.Rai tim ngai hku nna yawng hti ngut ai hpang mu lu ai gaw An hte a hpu shawng hpuba ningbaw ningla myu tsaw share shagan ni ,Bungli kaba ,ramram lu galaw mat wa sai.kasi lahpa grai nga ai,ngu mu lu wa ai,labau hta an hte nchye mat ai ni hpe ndai kaw lawm nga ai,nkaja ai lam gaw myen ni ka jahpoi ai rai nna kaja wa kasi la hpa mung grai lawm nga ai,


ကချင်သောင်းကျန်းသူအဖွဲ့စတင်ပေါ်ပေါက်လာခြင်း
၁။       ၁၉၄၉ ခုနှစ်တွင်ဖြစ်ပွားသော ကရင်-ဗမာအရေးအခင်းတွင် အမှတ်(၁) ကချင်သေနတ်ကိုင် တပ်ရင်း မှ ဗိုလ်ကြီးအဆင့်ဖြင့် တောခိုသွားသော ကချင်အမျိုးသားနော်ဆိုင်းမှာ ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်းခဲ့သည်။ ယင်းသည် ၁၉၅ဝ ပြည့်နှစ်တွင် ကေအင်န်ဒီအိုအင်အားစုအဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သည်။ ထိုအချိန်တွင် လားရှိုးမြို့ အစိုးရအထက်တန်းကျောင်း၌ အဋ္ဌမတန်း ပညာသင်ကြားနေသော ဇော်ဆိုင်း သည် နော်ဆိုင်းနှင့်ဆက်သွယ်ပြီး တောခိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် နော်ဆိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံသွားရာ၌ ဇော်ဆိုင်းသည်လိုက်ပါမသွားဘဲ သံတောင်၊ ဘောဂလိ ဒေသရှိ ကေအင်န်ဒီအိုများနှင့် ပူးပေါင်းလှုပ်ရှားခဲ့သည်။
၂။       ၁၉၅၉ခုနှစ်တွင် ကေအင်န်ဒီအိုအဖွဲ့မှ ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်) ဆိုသူအား ဇော်ဆိုင်း၏ အကြံပေးအရာရှိအဖြစ် တာဝန်ပေးအပ်ပြီး ဇော်ဆိုင်းနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေအောက်စည်းရုံး သိမ်းသွင်းမှုလုပ်ငန်းများကိုပြုလုပ်ရန်စေလွှတ်ခဲ့သည်။
ဇော်ဆိုင်းနှင့် ဂျီလစ်လင်းသည် ဇော်ဆိုင်း၏ မိခင်ဖြစ်သူ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသည့် ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာ (အက်စ်တီ-၈၈၈၉)တွင် ခိုအောင်းပြီး မြေအောက်စည်းရုံးရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့လေသည်။ ဇော်ဆိုင်း၏ညီဖြစ်သူ တက္ကသိုလ်ကျောင်းသား ဇော်ထူးသည်လည်း တက္ကသိုလ်မှထွက်ပြေးပြီး ဇော်ဆိုင်း ထံသို့ လာရောက် ပူးပေါင်း တောခိုခဲ့လေသည်။ ထို့အပြင် အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်းမှ ထုတ်ပယ် ခြင်းခံရပြီး သိန္နီတွင် ကျောင်းတက်နေသော ဒုတိယတပ်ကြပ် လမုန်တူးဂျိုင်၊  တက္ကသိုလ်မှထွက်၍ကွတ်ခိုင် သို့ ပြန်ရောက်နေသော လမာလရိန်းတို့သည် ဇော်ဆိုင်းနှင့်ဆက်သွယ်ပေါင်းမိကြပြီး ၁၉၆ဝ ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization K.I.O) ကိုစတင် ဖွဲ့စည်းခဲ့ကြသည်။               
၃။       ကေအိုင်အို မြေအောက်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌ အဖြစ် ဇော်ဆိုင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇော်ထူး၊ အတွင်းရေးမှူး အဖြစ်လမာလရိန်းတို့က တာဝန်ယူခဲ့ကြသည်။ ထိုအချိန်တွင်  ရှမ်းပြည်နယ်၌  နိုင်ငံရေး သမား အချင်းချင်းနေရာလုကြရာမှ နိုင်ငံရေးသမားအချို့၏ ခါးပိုက်ဆောင်အဖြစ်ဖွဲ့စည်းရန်ကေအိုင်အု အား လက်နက်ခဲယမ်းများထောက်ပံ့ရာမှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အင်အားမှာ ၂၇ ယောက် ရှိခဲ့ပါသည်။
ကချင်သောင်းကျန်းသူများ လက်နက်ကိုင်သောင်းကျန်းမှုစတင်ခြင်း 
၄။       ကေအိုင်အိုအဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လားရှိုးမြို့ငွေတိုက်အား စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် လက်နက်ကိုင်လှုပ်ရှားမှုကို စတင်ခဲ့လေသည်။ လားရှိုးမြို့ရှိ ငွေတိုက် ကို ဖောက်ကာ လက်နက်ကိုင်လှုပ်ရှားမှုစတင်သည်နှင့် လားရှိုး၊ ကွတ်ခိုင်ဒေသမှ ဇော်ဆိုင်းနှင့် ဇော်တူးတို့ စည်းရုံးထားသည့် ကချင်လူငယ်များမှာလည်း တစ်ပြိုင်တည်းတောခိုခဲ့ကြသည်။ အင်အား ၁ဝဝ ခန့်စုစည်း မိသောအခါ တပ်မဟာမှူး အဖြစ် ဇော်ဆိုင်းကလည်းကောင်း၊ တပ်မဟာဗိုလ်မှူးအဖြစ် ဂျီလစ်လင်းက လည်းကောင်း တာဝန်ယူလျက် သိန္နီမြို့နယ် လွယ်တောက်၌်  ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အေ (Kachin Independence Army-K.I.A)  ခေါ် ကချင်လွတ်လပ်ရေး တပ်မတော်နှင့် ကေအိုင်စီ(Kachin Independence Council K.I.C) ကို စတင်ဖွဲ့စည်းခဲ့လေသည်။
၅။       ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ဆင်လီရွာ၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာတွင် အခြေချစခန်း တစ်ခုတည်ဆောက်၍ အခြေခံစစ်ပညာသင်တန်း အမှတ်(၁)ကို ၁၉၆၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကေအိုင်အေတပ်ရင်း (၁)ကို ဗန်းမော်နယ်မြေ မွန်ဘာပါတွင်လည်းကောင်း၊ တပ်ရင်း(၂) ကို လမာလရိန်းဦးစီးကာ အင်အား ၃ဝဝ ခန့်ဖြင့် မုံးစီး၊ မုံးထန် နယ်မြေတွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြသည်။ ထို့ပြင် ကျေးရွာများ၌ ဗွီဒီအက်ဖ် (Villager's Defence Forces) ခေါ် ကျေးရွာကာကွယ်ရေးအဖွဲ့အဖြစ်ဖွဲ့စည်းကာ တူမီးများတပ်ဆင်လျက် မိမိတပ်များ ကိုနှောင့်ယှက်ရန် တာဝန်ပေးခိုင်းစေခဲ့ကြသည်။
၆။       ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း လိုက်ခြင်းကိုလည်းကောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် စာချုပ်ချုပ်ဆိုမှုတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသ များအား တရုတ်ပြည် နယ်နိမိတ်အတွင်း ထည့်သွင်းဖော်ပြမှုအပေါ် နေရာအနှံ့ ဆန္ဒပြမှုအား အခွင့်ကောင်းယူ၍ လည်းကောင်း၊ ရှမ်းပဒေသရာဇ်များမှ ဖက်ဒရယ်မူကို စတင်တောင်းဆို လာခြင်းတို့ ကြောင့် လည်းကောင်း၊ ကေအိုင်အိုတို့အနေဖြင့် တိုက်ကွက်များရရှိလာခဲ့ကြသည်။ လူမျိုးရေး အမြင် ကျဉ်းမြောင်းမှုကို အရင်းခံ၍ လူမျိုးရေး မုန်းတီးမှု၊ ဗမာလူမျိုးကြီး ဝါဒဆန့်ကျင်ရေး စသည်တို့ကို အကြောင်းပြကာ လွတ်လပ်သော ကချင်သမ္မတနိုင်ငံ ထူထောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စည်းရုံး လှုံ့ဆော်လာခဲ့ကြလေသည်။ ထို့ကြောင့် မသိနားမလည်သော လူငယ်လူရွယ်အများအပြားမှာ ကချင် သောင်းကျန်းသူများ၏ စည်းရုံးသိမ်းသွင်းမှုအောက် သို့ ရောက်ရှိသွားခဲ့ရလေသည်။
၇။       ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်နေစဉ်မှာပင် ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်စုံညီအစည်းအဝေးက ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယ ပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၇ အရ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာသော်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိပြီးဖြစ်လေရာ မည်သို့မျှ ထူးခြားခြင်းမရှိပေ။ သို့သော် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များက လွတ်လပ်စွာ ကိုးကွယ်ခွင့် မရှိတော့ဟုယူဆကာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်။ ထိုအချိန်က လက်နက်ကိုင် အင်အား ၂၇ ယောက်သာ ရှိသေးသော ကေအိုင်အို (Kachin Independence Organization) ကချင် သောင်းကျန်းသူအဖွဲ့သည် ဘာသာရေးလွတ်လပ်ခွင့်မရှိဟူ၍ အကြောင်းပြစည်းရုံးရာမှ ပိုမိုအင်အား တောင့်တင်းလာသည်။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်တွင် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် နယ်မြေများအား တရုတ်နယ်နိမိတ်အတွင်း ထည့်သွင်းပေးရခြင်းကိုလည်း ကချင်တိုင်းရင်းသား အများ အပြားက ဆန္ဒပြကန့်ကွက်ကြသည်။ 
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသောအဖွဲ့အစည်း 
၈။       ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ရန်ကုန်တစ်မြို့တည်းတွင်သာ ကျင်းပနေခြင်းမဟုတ်ဘဲ အချို့ အဖွဲ့အစည်းများမှာ ဆိုင်ရာဒေသတွင်သာ ဆွေးနွေးကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်-ကျော်ဇံရွှီး၏ ရခိုင်ကွန်မြူနစ် ပါတီနှင့် ဆွေးနွေးပွဲပြုလုပ်ရာတွင် ငပလီ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူပင် ကေအိုင်အေ (ခေါ်) ကချင် သောင်းကျန်းသူများနှင့်လည်း မန္တလေးမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။
၉။       ၁၉၆၃ ခုနှစ်အစပိုင်းတွင် ကေအိုင်အေများသည် တပ်မဟာ(၁)နှင့် တပ်ရင်း(၆)ရင်းကို ဖွဲ့စည်းပြီး ဖြစ်ပြီး အင်အား ၁,ဝဝဝ ကျော်အထိ တိုးတက်နေပြီဖြစ်သည်။  ၁၉၆၂ ခုနှစ်တွင် လားရှိုး-ကွတ်ခိုင်နယ်၌ အင်အား ၃ဝဝ နီးပါးခန့်၊ ဗန်းမော်-မြစ်ကြီးနားနယ်မြေ၌ အင်အား ၃၈ဝ ခန့်အထိသာရှိသော်လည်း နောက်ပိုင်းတွင် ဗန်းမော်-စိန်လုံလမ်းနှင့် ဗန်းမော်-မန်ဝိန်းလမ်းတို့ကိုစိုးမိုးပြီး ဧရာဝတီမြစ် အနောက်ဘက် ကမ်းနှင့် မြစ်ကြီးနား အရှေ့မြောက်၊ ဟူးကောင်းလွင်ပြင်တို့ကိုတိုးချဲ့စည်းရုံးရာမှ အင်အား တိုးတက် လာခဲ့ခြင်းဖြစ်သည်။
၁ဝ။     ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်ကိုထုတ်ပြန်သောအခါ ကေအိုင်အေများသည် စာဖြင့်ဆက်သွယ်ညှိနှိုင်း ပြီးနောက်တော် လှန် ရေးကောင်စီ၏အစီအစဉ်ဖြင့် ဗန်းမော်သို့ရောက်ရှိလာကြသည်။ ကေအိုင်အေ ကိုယ်စားလှယ် ဇော်ဒန်နှင့် အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ဗန်းမော်မှတစ်ဆင့် မန္တလေးသို့ ရောက်ရှိလာသည်။ ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့တွင် တပ်မတော်မှ တပ်မဟာ(၇)တပ်မဟာမှူးနှင့် ပဏာမ ဆွေးနွေးပွဲ ကျင်းပပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ကိုယ်စား အနောက်မြောက်တိုင်း၊ တိုင်းမှူးနှင့်ထပ်မံ ဆွေးနွေးခဲ့သည်။
၁၁။     တိုင်းမှူးနှင့်ဆွေးနွေးစဉ် ဇော်ဒန်နှင့် ကိုယ်စားလှယ်အဖွဲ့က အောက်ပါအချက်များကို တောင်းဆိုခဲ့ သည်-               
(က)    ပြည်ထောင်စုအတွင်းရှိ လူမျိုးအသီးသီးအား လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုပေးအပ် ရန်၊  မိမိတို့ လူမျိုးများ၏သဘောအရ ခွဲထွက်လိုသူများအား ခွဲထွက်ခွင့် ပေးရန်။
(ခ)     ကချင်ပြည်နယ်နှင့်ပတ်သက်၍ ကချင် ပြည်သူပြည်သားများ လက်နက်ကိုင် တော်လှန် နေခြင်း၏ အဓိကရည်ရွယ်ချက်ပန်းတိုင်ဖြစ်သည့် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် သီးခြား ကချင်ပြည်နယ်ထူထောင်ရန်။
(ဂ)     ဤကဲ့သို့ ပြည်ထောင်စုအတွင်းမှ ကချင်ပြည်နယ်ခွဲထွက်သွားသည်ကို  နှစ်ဦးသဘောတူ လက် မှတ်ရေးထိုးပြီးသည့်နေ့မှစ၍ ကချင်ပြည်နယ်နှင့်ဗမာပြည်သည် အောက်ပါထာဝရ ငြိမ်းချမ်းရေးမူငါးချက်ကိုအခြေခံထား၍ နှစ်ပြည်ထောင်ဆက်ဆံသွားရေးကို နှစ်ဦးသဘော တူ လက်မှတ်ရေးထိုးရန်-
(၁)     တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးကို တစ်ဦး က လေး စားရေး။                            
                   (၂)     တစ်ဦးကိုတစ်ဦး မကျူးကျော်ရေး။
                   (၃)     တစ်ဦး၏ပြည်တွင်းရေးရာတွင် တစ်ဦးကဝင်မစွက်ရေး။
                   (၄)     တူညီစွာနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ဆက်ဆံရေး။
                   (၅)     ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။
၁၂။     ကေအိုင်အေများ၏ တောင်းဆိုချက်များမှာ လုံးဝခွဲထွက်ရေးပင်ဖြစ်ပြီး ယင်းတို့ဘက်က လိုက်လျောမှုဟူ၍ တစ်စုံတစ်ရာမျှပင်မရှိခဲ့ပေ။ ထို့အပြင် ဆွေးနွေးပွဲပြုလုပ်နေစဉ်အတွင်း  ကေအိုင်အေ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ဇော်တူးသည် ဗန်းမော်မှကာမိုင်းမြို့နယ်အတွင်း ဝင်ရောက်ကာ ကျေးရွာ အားလုံးလိုလိုကို စည်းရုံးစိုးမိုးထားခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြားသွားသည်နှင့် ကေအိုင်အေ များသည် လူ၊ လက်နက်၊ ခဲယမ်းများကို အပြင်းအထန်စုဆောင်းရာ ၁၉၆၃ ခုနှစ်ကုန်တွင် အင်အား ၂,ဝဝဝ ကျော်ခန့်အထိ တိုးတက်လာသည်။
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက်ပိုင်း ကချင်သောင်းကျန်းသူအဖွဲ့အစည်း၏ အခြေအနေ
၁၃။     ကေအိုင်အေ (ခေါ်) ကချင်သောင်းကျန်းသူများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမပြုလုပ်မီ ၁၉၆၃ ခုနှစ်နှစ်ဦးပိုင်းတွင် တပ်မဟာ(၁)နှင့်တပ်ရင်း(၆)ရင်းကို လူအင်အား ၁,ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းနိုင်ခဲ့ ပြီးဖြစ်သည်။ ဇော်ဒန်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တော်လှန်ရေး ကောင်စီနှင့်   ဆွေးနွေးနေစဉ် ကေအိုင်အေများ သည် လူသူစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို တိုးချဲ့၍ ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲကာလတွင် ဇော်တူးသည် ဗန်းမော်နယ်မြေမှ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ ကျောက်စိမ်းထွက်ရှိရာ ကာမိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်စည်းရုံးစိုးမိုးခဲ့သည်။ ကာမိုင်းမြို့နယ်ရှိ ကျေးရွာအားလုံးလိုလိုသည် ကေအိုင်အေတို့၏ လွှမ်းမိုးမှု အောက်တွင်ရောက် ခဲ့ရသည်။ဆွေးနွေးပွဲပျက်ပြားပြီးနောက် ကေအိုင်အေ တို့သည် လူ၊ လက်နက်နှင့် ခဲယမ်း မီးကျောက်များကို အပြင်းအထန်စုဆောင်းကြလေရာ ၁၉၆၃ ခုနှစ် ကုန်တွင် လူအင်အားမှာ ၂,ဝဝဝ ကျော်အထိ တိုးတက် လာခဲ့ပြီဖြစ်သည်။
၁၄။     ၁၉၆၄ ခုနှစ်၊နှစ်ဦးတွင် ကေအိုင်အေတပ်မဟာ(၂)ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တပ်မဟာ(၁)၏ လက်အောက်တွင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် တပ်ရင်း(၅)ကိုစုဖွဲ့ပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဇော်ဆိုင်း၏ တပ်မဟာ(၁)သည် မန်စီမြို့နယ်၊ မွန်ဘာပါကျေးရွာ (အက်စ်အို-၄၈၈၈)တွင် အခြေပြု၍ လှုပ်ရှားသည်။ တပ်မဟာ(၂)တွင်မူ တပ်ရင်း(၃)၊ တပ်ရင်း(၄) နှင့် တပ်ရင်း(၆)တို့ ပါဝင်သည်။ ဇော်တူးက တပ်မဟာ(၂)ကို အုပ်ချုပ်ပြီး မဂျီဘွမ်(အက်စ်-၄၄ဝ၄)တွင် အခြေပြု၍ လှုပ်ရှားသည်။ ထို့အပြင် တပ်ရင်း(၇) ကိုပူတာအိုနယ်မြေတွင် လူအင်အား ၈ဝဝ ခန့်ဖြင့် တိုးချဲ့ဖွဲ့စည်းပြီး ဇော်တူးကပင် တာဝန်ယူ၍ အုပ်ချုပ်ခဲ့ သည်။ တပ်ရင်း(၇)တွင် ဗွီဒီအက်ဖ်(ခေါ်) ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ကို အခြေခံ၍ဖွဲ့စည်းခြင်းဖြစ်သည်။ ပြောက်ကျား လှုပ်ရှားမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
၁၅။     ဇော်တူးသည် တပ်မဟာ(၂)အား တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ အင်အား ၁၄ဝဝ ကျော်အထိ တိုးတက်လာပြီး ပူတာအို၊ ချီဖွေ၊ လောခေါင်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကွတ်ခိုင်နယ်မြေများတွင်ဖြန့်ခွဲလှုပ်ရှား၍လာသည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လမှ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကေအိုင်အေထိပ်သီးခေါင်းဆောင် ညီအစ်ကိုများဖြစ်သောဇော်ဆိုင်း၊ ဇော်ဒန်၊
ဇော်တူး တို့သုံးဦးသည်လည်း ဇော်သုံးဇော်ဟူ၍ နာမည်ကြီး လာကြသည်
၁၆။     တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ရုတ်တရက်အင်အားကြီးထွား ပြီး ဆူပူလှုပ်ရှားလာကြသော ကေအိုင်အေများကို ချေမှုန်းရေးအတွက် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်တော့သည်။ တပ်မတော်က ဆင်နွှဲခဲ့သော စစ်ဆင်ရေးများမှာ အောက်ပါ အတိုင်းဖြစ်သည်-
          (က)    ဂန့်ဂေါ်စစ်ဆင်ရေး။
          (ခ)     အောင်မြေစစ်ဆင်ရေး။
          (ဂ)     ကောင်ရာဘွမ်စစ်ဆင်ရေး။
          (ဃ)    ခရမ်းစစ်ဆင်ရေး။
၁၇။     တပ်မတော်က ဆင်နွှဲသည့်စစ်ဆင်ရေးအရပ်ရပ်ကြောင့် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်းတွင် ကေအိုင်အေများမှာ များစွာအထိနာခဲ့ရသည်။ ထိုကာလ အတွင်း ကေအိုင်အေသောင်းကျန်းသူ ၆၉၆ ယောက်ကို အသေမိပြီး ၃၇၇ ယောက်ကို ဒဏ်ရာရစေခဲ့သည်။ ၁ဝ၆၄ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး ၂၂၂၃ ယောက် လက်နက်ချခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်၊ နှစ်လယ်ပိုင်းအတွင်း ကချင်သောင်းကျန်းသူလှုပ်ရှားမှုများစွာ ကျဆင်းသွားခဲ့ရတော့သည်။
၁၈။     ကေအိုင်အေလှုပ်ရှားမှုမှာ တပ်မတော်၏ထိုးစစ်များကြောင့် အဘက်ဘက်မှယိုယွင်းကျဆင်းပြီး နာလန်မထူနိုင်တော့သဖြင့် ကေအိုင်အေခေါင်းဆောင်များသည် နည်းအမျိုးမျိုးဖြင့် ကြံဆကြိုးပမ်းကြရသည်။ အိုင်အေဦးစီးချုပ်ဖြစ်သူ ဇော်ဆိုင်းသည် ပြည်ပအကူအညီရရေးအတွက် ထိုင်းနိုင်ငံသို့သွားရောက်ကာ               ထိုင်း-မြန်မာနယ်စပ်ထန်ဝိုး(အယ်လ်ယူ-ဝ၅ဝ၅)တွင်အခြေချ၍ ဘိန်း၊ ကျောက်စိမ်းများရောင်းဝယ်ရန် စခန်း ဖွင့်လှစ်ခဲ့ရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်ပအကူအညီများရရှိစေရန် ဇော်ဆိုင်း၏ အကြံပေး အရာရှိအဖြစ် ကေအင်(န်)ယူမှ တွဲဖက်ထားသော ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်)က ကူညီခဲ့ သည်။ ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွယ်ယားစခန်းမှ ခရီးထွက်သွားခြင်းဖြစ်ပြီး ဗန်ကောက်၊ ဇင်းမယ်၊ ဖော်မိုဆာသို့လှည့်လည်၍ အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ (SEATO) ၏ အကူအညီရရန်  ကြိုးစားခဲ့သည်။ ၁၉၆၆ခုနှစ်အတွင်းမှာပင် ကေအိုင်အေနိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ မရန်ဘရန်ဆိုင်းသည် အိန္ဒိယနိုင်ငံ၏ အကူအညီရယူရေးအတွက် ချောကန်တောင်ကြားဒေသသို့ သုံးလကြာ သွားရောက်ဆွေးနွေးခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။
၁၉။     ၁၉၆၆ ခုနှစ် နှစ်ဦးပိုင်းတွင် တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီချေမှုန်းရေးအတွက် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကိုဖွဲ့စည်းရန် ကချင်ပြည်နယ်မှ စစ်ဆင်ရေးတပ်အချို့ကို ထုတ်နုတ်ခဲ့ ရလေရာ ကေအိုင်အေများအတွက် လူသူလက်နက်စုဆောင်းစည်းရုံး၍ ခေါင်းထောင်ထနိုင်ရန် အချိန်ရသွား သည်ဟု ဆိုရ ပေမည်။
 
ဆက်လက်ဖော်ပြပေးပါမည်………

No comments:

Post a Comment